Thursday, January 9, 2020

အကယ်၍.........

" အကယ်၍......... "

    မင်းရဲ့ အမှန်စကားတွေကို
    လူလိမ် လူညစ်တွေက
    လှည့်စား ပြောင်းလဲပြီး
    မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
    မင်းဟာ
    တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်...

    ဒါမှမဟုတ်..
    မင်းဘဝ တခုလုံးပေးပြီး
    အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
    ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
    အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
    ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်...

    အကယ်၍...
    မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
    ကြွေတလှည့် ကြက်တစ်ခုန်ပမာ
    တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်...
    
    ပြီးတော့...
    အစကနေ ပြန်စနိုင်မယ်ဆိုရင်...
 
    ပြီးတော့တစ်ခါ...
    ဆိုးလှတဲ့ ကံကြမ္မာရယ်လို့
    ဘယ်သောခါမှ ညည်းငြူမနေဘူးဆိုရင်...

    အကယ်၍...
    သူများတကာ လုပ်ပြီးသွားကြလို့
    အချိန်အတော်ကြာမှ
    မင်းအလှည့် ရောက်လာတဲ့အခါ
    မင်းတယောက်တည်းနဲ့ပဲ
    အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ
    ဆက်ကြိုးစားနိုင်မယ်ဆိုရင်...
    
    အဲ့ဒီလိုပဲ..
    မင်းမှာ စိတ်အင်အားကလွဲလို့
    ဘာဆိုဘာမှ မရှိတော့တဲ့အခါ
    အဲဒီစိတ်ဓာတ်အင်အားကို
    ခိုင်မာစွာနဲ့ပဲ ဆက်လက်
    ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် ..

    အကယ်၍...
    စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
    အဲ့ဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်...
   
    ဒါမှမဟုတ်..
    မင်းရဲ့အကြောင်း
    မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
    မင်းကလည်း အလိမ်အညာတွေနဲ့
    မတုံ့ပြန်ဘူးဆိုရင်...

    ဒါမှမဟုတ်..
    မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
    မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်...
    
    ပြီးတော့..
    မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
    ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင်...

    အကယ်၍...
    စိတ်ကူးယဉ် အိပ်မက်တွေဟာ
    မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်...
    
    အတွေးအခေါ် စိတ်ကူးတွေဟာ
    မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ
    တွေးခေါ်နိုင်မယ်ဆိုရင်...

    အကယ်၍...
    အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို 
    ကြုံတွေ့ရတဲ့အခါ
    တူညီသော လောကဓံတရားတွေပါလား ရယ်လို့
    ခံယူထားနိုင်မယ်ဆိုရင်...

    အကယ်၍...
    လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
    ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်...
    
     ဒါမှမဟုတ်..
     မင်းဧကရာဇ်တွေနဲ့ အတူ 
     လမ်းလျှောက်နေရပေမယ့်
     မာန်မာန သွေးမကြွဘူးဆိုရင်...

     အကယ်၍...
     ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
     မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်...

     အကယ်၍...
     လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
     စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်...

     အကယ်၍....
     တိုတောင်းလှတဲ့ မပစ်ပယ်နိူင်တဲ့ 
     တစ်မိနစ်အတွင်းမှာ
     အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
     အသုံးချနိုင်မယ်ဆိုရင် ..

     ငါ့သားရေ...
     မင်းဟာ
     အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
     ကမ္ဘာကြီးကို ဆုတ်ကိုင်လို့
     အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့...
     
     အဲဒီတော့...
     မင်းဟာလည်း
     ယောင်္ကျားကောင်း တစ်ယောက်ပဲပေါ့...

    #Rudyard Kipling

    #ဘာသာပြန် - ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment

ဆန္ဒ

ဘေးအန္တရာယ်   အသွယ်သွယ်တို့မှ ကင်းဝေးပါစေကြောင်း   ဆုမတောင်းလို ၎င်းတို့ကို   ရင်ဆိုင်နိုင်ရန်အတွက်သာ အကြောက်အရွံ့   ကင်းရပါလို၏။ ဝေဒနာမှ   ...